ကျွန်တော့ Website ကိုလာရောက်ကြည့်ရှူ အားပေးကြသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်..သည် Website တွင်မိမိတို့လိုချင်ကြသော အရာများအား တတ်နိုင်သမျှ ကြိုးစားတင်ပေးသွားမည်ဖြစ်ပါသည်.. :)

Monday, September 2, 2013

ပါရမီများများရအောင်ယူ (ကျေးဇူ့တော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ)


အားလုံးအတွက် အကျိုးရှိမယ့်စာပေလေး ဖြစ်လို့ Ref လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျ..



ပါရမီများများရအောင်ယူ

(၁) ယခုဘ၀သည် ကုသိုလ်ပါရမီ များများရအောင် ယူဖို့ အလွန် အခွင့်ကောင်းသော ဘ၀ဖြစ်၏ ...

နောက်တစ်ကြိမ် လူပြန်ဖြစ်ရစေကာမူ ယခုအနေထက် ပို၍ မတရား အကုသိုလ်တွေသာ၍တိုးပွားသောမိကောင်း,ဘကောင်း,ဆရာသမားကောင်း နဲ့ တွေ့ဖို့မလွယ်သော လူ့ဘ၀ ဖြစ်လိမ့်မည် ...

ဒါကြောင့် -

နေ့တိုင်း ကုသိုလ်ပါရမီ တိုးပွားအောင် ကြိုးစားသင့်ကြသည် ...။

လူမဖြစ်ဘဲ အထက်နတ်ပြည်၌ ဖြစ်ရပြန်ရင် စည်းစိမ်သာ အားကြီးမယ်... ဒါန,သီလ,ဘာဝနာ အထူးရဖို့ မဖြစ်နိုင် ...

ဒါကြောင့် -

ယခုဘ၀သည် ကုသိုလ်ပါရမီ တိုးပွားအောင် ကြိုးစားရမယ့် ဘ၀ဆိုတာ အမြဲတွေးသင့်တယ် ...။

(၂) လောက၌ သားအမိ သားအဖ မောင်နှမ ညီအမ ဆိုတဲ့ သံယောဇဉ်, သမီး,ခင်ပွန်း ဆိုတဲ့ သံယောဇဉ်များ၌ တစ်ယောက်နဲ့တစ်ယောက်ချစ်ခင် ကြခြင်းသည် ပေမတဏှာအကုသိုလ်သာ များ၏ ...

တရားမသိတဲ့ လူများမှာ ထို တဏှာအကုသိုလ်ကြောင့် မတရားစီးပွားရှာမှု စသော အကုသိုလ်တွေ,တစ်ယောက်နဲ့တစ်ယောက် မ တဲ့မှု ဒေါသ အကုသိုလ်တွေ တစ်သက်လုံး တိုးပွားနေတတ်၏ ...

ခွဲရသည့်အချိန်မှာ တွယ်တာမှုကြောင့် နောင်ဘ၀၌ ပြိတ္တာလဲ ဖြစ်တတ်၏ ...။

(၃) တရားသိတဲ့သူကတော့ ချစ်ခင်မှု အကုသိုလ်ကို သတိထား၍ ကုသိုလ် အဆက်ဆက် တိုးပွားအောင် ဒါနပါရမီ,သီလပါရမီ,ကမ္မဋ္ဌာန်းဆိုတဲ့ ဘာဝနာ ပါရမီကို နိဗ္ဗာန်အထိ မှန်း၍ ကိုယ်တိုင်လဲ ကြိုးစားတယ် ...

သံယောဇဉ်ဖြစ်သူများကိုလဲ ကြိုးစားဖို့ တိုက်တွန်းတယ် ... တိုက်တွန်းတဲ့ အတိုင်းလဲ ကြိုးစားတယ် ...

ဒီလို သံယောဇဉ်ကတော့ အကုသိုလ်ကြောင့် ကုသိုလ်များများရတဲ့ အတွက် အကျိုးရှိတယ်လို့ ဆိုရပါတယ် ...

(၄) ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာလဲ ရှိတယ် ...

များစွာသော လူတွေသည် ကုသိုလ်ဒါနပြုတဲ့အခါ ဂုဏ်လိုချင် ... သူများ ချီးမွမ်းခံချင် ဒီကုသိုလ်ကြောင့် ဒီဘ၀မှာဘဲ စည်းစိမ်ဥစ္စာတိုးပွားချင်,သူ တစ်ပါးအပေါ်မှာ မောက်မာကြွားဝါချင်,မိမိဒါနပြုနိုင်သလို သူများမပြုနိုင်စေ ချင်,ဤကုသိုလ်ကြောင့် လူချမ်းသာ နတ်ချမ်းသာရချင် ဒီလို စိတ်တွေ ဟာ နောက်ထပ် အကုသိုလ် (လောဘ ဣဿာ မစ္ဆရိယ)တွေဘဲ ...

ဒီအကုသိုလ်တွေဟာ ကုသိုလ် အရင်းခံပြီး ဖြစ်ကြတဲ့ အကုသိုလ်များ ဖြစ် တယ် ...

(၅) လိမ္မာတဲ့ ... တရားသိတဲ့သူများမှာတော့ ကုသိုလ်ကြောင့် ကုသိုလ်ဘဲ ထပ်၍ ဖြစ်တယ် ...

ဒါနကုသိုလ်ပြုတဲ့အခါ ဂုဏ်ပကာသနလဲ မမျှော်,လာဘ်လာဘ နဲ့ နောက် ဘ၀ စည်းစိမ်လဲ မတောင့်တ,လှူသင့်ပေးသင့်လို့ အပြစ်ကင်းတဲ့ နေရာမှာ လှူတာ ပေးတာဘဲ ...

ဒီကုသိုလ်ကြောင့် ဘုရားအစရှိတဲ့ သူတော်ကောင်းများ သိမြင်တဲ့ နိဗ္ဗာန်ကို မြင်ဖို့သာ ရည်ရွယ်တယ် ...

ဘ၀စည်းစိမ်ရပြန်လဲ ထပ်၍ တိုး၍ ဒါနပြုဖို့ဘဲ လို့ ရည်ရွယ်တယ် ...။

ဒါနပြုတဲ့အခါ သီလလဲ စင်ကြယ်အောင် ရုပ်ခန္ဓာ,နာမ်ခန္ဓာ ကိုစိုက်ပြီး "အနိစ္စ,ဒုက္ခ,အနတ္တ" လို့ ရှုတဲ့ဘာဝနာလဲ ဖြစ်အောင် ကြိုးစားတယ် ...

သီလစောင့်တဲ့အခါလဲ ဒါနပါအောင်,ဘာဝနာ ပါအောင် သတိထားတယ် ...

ဒီလို -

အလိမ္မာများမှတော့ ကုသိုလ်ကြောင့် ကုသိုလ်တွေ အများကြီးထပ်၍ ဖြစ်ခွင့် ရတယ် ...

နိဗ္ဗာန်အထိ ခရီးရှည်၏ ... ပေါ့ပေါ့ဆဆနဲ့ သွားတဲ့သူတွေ လမ်းဆုံး မရောက်နိုင်ပါ ...။

(ကျေးဇူ့တော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~


Credit to : နှလုံးသား၏ ဓမ္မသံစဉ်

0 comments:

Post a Comment